မူလ / လုပ်ငန်းတာဝန်များ

လုပ်ဆောင်ချက်များ

CRPH အနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ တရားမဝင်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် Civil Disobedience Movement (CDM)နှင့် ငြိမ်းချမ်းစွာဆန္ဒပြကြသော ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို အသိအမှတ်ပြု အားပေးခဲ့သည်။

သို့ရာတွင် စစ်တပ်သည် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြ ပြည်သူများအား သေစေနိုင်သောလက်နက်များ အသုံးပြု၍ အကြမ်းဖက်အင်အားသုံးဖြိုခွင်းခြင်းများ၊ မတရားဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များအား ဥပဒေမဲ့ လုယက်ခြင်းနှင့် ဖျက်ဆီးခြင်းများ ကဲ့သို့သော လူမဆန်သည့်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။

ထို့ကြောင့် CRPH သည် စစ်ကောင်စီ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)အား အကြမ်းဖက်အုပ်စုအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။

CRPH သည် စစ်အာဏာရှင်အားလုံး အပြီးတိုင် ချုပ်ငြိမ်းစေရန်နှင့် ပြည်သူတစ်ရပ်လုံးအတွက် “ဖက်ဒရယ်ဒီမိုကရေစီသမ္မတနိုင်ငံ” ထူထောင်ရန်အတွက် အောက်ပါနိုင်ငံရေးမျှော်မှန်းချက် (၄) ရပ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်-

  •  စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး
  • နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ပေးရေး
  • ဒီမိုကရေစီအပြည့်အဝ ရရှိစေရေး
  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံအသစ်တစ်ရပ် ရေးဆွဲရေး။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အုပ်စုက အဓမ္မနည်းဖြင့် ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ နိုင်ငံတော်ကို ကိုယ်စားပြုရန်အတွက်လည်းကောင်း၊ နိုင်ငံတော် အစိုးရ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက်လည်းကောင်း CRPH သည် မန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပြီး အခြားဝန်ကြီးဌာနအချို့၏ လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်နိုင်ရေး ခေတ္တပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

မတ်လ ၁၇ ရက်နေ့တွင် CRPH သည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် တိုင်းရင်းသားအားလုံး ပါဝင်နိုင်ရေး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း များ(EAOs)အား အကြမ်းဖက်အဖွဲ့အစည်းဝင်များမှဖြစ်စေ၊ မတရားအသင်းဝင်များမှဖြစ်စေ ပယ်ဖျက် ကြောင်း ကြေညာခဲ့သည်။ ထို့နောက် ဒီမိုကရေစီစံနှုန်းများနှင့် မညီညွတ်သည့် စစ်ကောင်စီအလိုကျ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို မူကြမ်းရေးဆွဲအတည်ပြုပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ဖွဲ့စည်းခဲ့သည်။ အမျိုးသားညီညွတ်‌ရေးအစိုးရအား နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အစိုးရအဖွဲ့အကြီးအကဲများအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၇ ခုဖြင့် ဖွဲ့စည်းထားသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် CRPH အဖွဲ့ဝင်များ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ CDM တွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ၊ အထွေထွေသပိတ်ကော်မတီများ၊ အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်ပါသည်။
Scroll to Top