ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန
အမိန့်ကြေညာစာအမှတ် (၂/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်)


CDM လှုပ်ရှားမှုဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားအရေးယူ ဆောင်ရွက်ခြင်း ပြုသည့် ဝန်ထမ်းအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအကြီးအကဲများအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ ဝန်ထမ်းတစ်ဦးချင်းစီအား မှတ်တမ်းထားဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်။

၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် တရားမဝင် အာဏာသိမ်းစစ်ကောင်စီအား အာခံတော်လှန်၍ ငြိမ်းချမ်းစွာ CDM လှုပ်ရှားမှုဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးနှင့် တရားမျှတမှုကို ရှေးရှုဦးတည်လျက် ကြေညာ ချက် အမှတ် (၉။၂၀၂၁) နှင့် (၁၁။၂၀၂၁) ကို ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သည်။

၂။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏အမိန့်အား ကျိုးနွံနာခံလျက် ဝန်ကြီးဌာနအသီးသီးရှိ အဖွဲ့အစည်းများ၊ ဦးစီးဌာန အကြီးအကဲများက CDM လှုပ်ရှားမှုဆောင်ရွက်နေသည့်ဝန်ထမ်းများအား ရှေးဦးစုံစမ်းစစ်ဆေးမှု နှင့် ဌာနဆိုင်ရာစုံစမ်းစစ်ဆေး မှု နည်းလမ်းများဖြင့် အရေးယူအပြစ်ပေးရန် ခြိမ်းခြောက်စာများ ပေးပို့လျက်ရှိ ကြောင်း သိရှိရသည်။

၃။ နိုင်ငံ့ဝန်ထမ်းများအပေါ် ထိုကဲ့သို့ ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရား အရေးယူဆောင်ရွက်ခြင်းပြုသည့် ဝန်ထမ်းအဖွဲ့ အစည်းများနှင့် ဌာနဆိုင်ရာအကြီးအကဲများအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ ဝန်ထမ်း တစ်ဦးချင်းစီအား မှတ်တမ်းထား ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးလိုက်သည်။

၄။ CDM လှုပ်ရှားမှုတွင်ပါဝင်သဖြင့် မတရား ဖိနှိပ်အရေးယူခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းများကို ပြည်သူ့အစိုးရမှ မူလအလုပ် တာဝန်များတည်မြဲရေး၊ နစ်နာမှုများ ပြန်လည်ကုစားနိုင်ရေးနှင့် ဂုဏ်ပြုချီးမြှောက်မှုများ ဆောင်ရွက်သွားမည့်အပြင် အခြားသော ချုပ်နှောင်ထိန်းသိမ်းခံရခြင်း၊ ထောင်ဒဏ်ကျခံရခြင်းတို့ ရှိခဲ့ပါက လည်း ပြစ်မှုမှတ်တမ်းများကို ခြွင်းချက်မရှိ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။

(ပုံ) လွင်ကိုလတ်
ခေတ္တပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်